Local News

မွန်ပြည်နယ်ထွက် ဒူးရင်းသီးဈေးကွက်နှင့် ကျန်းမာရေးအကြောင်း သိကောင်းစရာများ

Last Updated:

မွန်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ဒူးရင်းသီးထွက်ရှိရာ ဒေသများထဲမှ ထင်ရှားသည့်ဒေသတစ်ခုဖြစ်ပြီး ရေးမြို့နယ်မှ ထွက်ရှိသော ဒူးရင်းသီးများသည် အရည်အသွေးမြင့်မားမှုနှင့် ထူးခြားသည့်အရသာကြောင့် (ရေးဒူးရင်းသီး၊ ရေးဒူးရင်းယို စသည်ဖြင့်) နာမည်ကြီးသည်။ ဒူးရင်းသီးသည် အရှေ့ တောင်အာရှဒေသတွင် “သစ်သီးဘုရင်” ဟု ခေါ်တွင်ခံရပြီး၊ မွန်ပြည်နယ်အပြင် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင်လည်း ထွက်ရှိပါသည်။ ထူးခြားချက်အနေဖြင့် ဒူးရင်းသီးသည် ညဘက်တွင်သာ အပင်မှကြွေကျလေ့ရှိပြီး၊ အပွင့်များလည်း ညဘက်တွင် ပြုတ်ကျတတ်သည်။ ဒူးရင်းသီး၏ အစေ့များတွင်လည်း ကစီဓာတ်၊ အမျှင်ဓာတ်၊ ဇင့်၊ အဆီဓာတ်နှင့် ကယ်စီယမ်ဓာတ်များ ပေါကြွယ်ဝစွာပါရှိပြီး၊ ကျန်းမာရေးအတွက် အကျိုးပြုသော်လည်း အစေ့များကို အစိမ်းလိုက် စားသုံးခြင်းသည် အန္တရာယ်ရှိနိုင်သည်။
ဒူးရင်းသီးကို မွန်ပြည်နယ်တွင် ယိုးဒယားကိုင်းကူးမျိုးနှင့် ရိုးရိုးအစေ့ချမျိုးဟူ၍ ခွဲခြားစိုက်ပျိုးကြသည်။ ယိုးဒယားမျိုးသည် ၅ နှစ်အတွင်း အသီးထွက်အားကောင်းပြီး၊ ရိုးရိုးမျိုးသည် ၁၀ နှစ်ကျော်မှ အသီးစတင်ထွက်ရှိသည်။ ယိုးဒယားဒူးရင်းပင်တစ်ပင်အား စနစ်တကျ စိုက်ပျိုးပါက ၅ နှစ်အတွင်း အသီးများလှိုင်လှိုင်ထွက်ရှိကာ တွက်ခြေကိုက်သည့် နှစ်ရှည်စိုက်ပျိုးရေးလုပ်ငန်းတစ်ခု ဖြစ်ပေ သည်။ လက်ရှိဈေးကွက်တွင် ယိုးဒယားဒူးရင်းသီးနှင့် မြန်မာကိုင်းဆက်သီး တစ်ကီလိုလျှင် ၂၀၀၀၀ ကျပ်၊ မွန်ထောင်းသီး တစ်ကီလို ကျပ် ၂၅၀၀၀ ခန့် ဖြစ်ပေါ်နေပြီး ဒေသထွက်ဒူးရင်းသီး (အသေး) တစ်လုံးလျှင် ၁၀၀၀၀ ကျပ်မှ (အကြီး) ၅၀၀၀၀ ကျပ်ထိ အရွယ်အစားပေါ် မူတည်၍ ရောင်းချလျက် ရှိပါသည်။ မွန်ပြည်နယ်ထွက် ဒူးရင်းသီးများကို ဒေသတွင်းဈေးကွက်အပြင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့ကြီးများသို့လည်း တင်ပို့ရောင်းချလျက်ရှိသည်။
ဒူးရင်းသီး၏ ထူးခြားသောအရသာနှင့် ကျန်းမာရေးအကျိုးကျေးဇူးများအနေဖြင့် သွေးကို သန့်စင်ပေးပြီး သွေးနီဥဆဲလ်များ ထုတ်လုပ်ရာတွင် အထောက်အကူပြုသည့် သံဓာတ်နှင့် ဖောလစ် အက်စစ်များ ကြွယ်ဝစွာ ပါရှိသည်။ ပိုတက်စီယမ်ဓာတ်ပါဝင်မှုကြောင့် နှလုံးခုန်နှုန်းနှင့် သွေးဖိအားကို ထိန်းချုပ်ပေးနိုင်သည်။ ဒူးရင်းရွက်ပြုတ်ရည်သည် ဦးခေါင်းဒက်နှင့် အရေပြားပွေးကွက်များအတွက် သက်သာစေသည်။ ဒူးရင်းသီးစားသုံးပြီး အရက်၊ ဘီယာ၊ ဝိုင်စသည့် အယ်လ်ကိုဟော ပါဝင်သော အချိုရည်များ သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်သည်။ ထိုသို့တွဲဖက်စားသုံးပါက အူချဉ်နာ၊ လေထိုးလေအောင့်နာ၊ ဦးနှောက်သွေးကြောပြတ်ခြင်း၊ နှလုံးသွေးကြော ပေါက်ခြင်း၊ လေဖြတ်ခြင်းတို့ကို ဖြစ်စေနိုင်သည်။ သွေးတိုးရောဂါရှိသူများအနေဖြင့်လည်း ဒူးရင်းသီးစားပြီး နို့ထွက်ပစ္စည်းများ ထပ်မံစားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ ဒူးရင်းသီးနှံသည် အကျိုးကျေးဇူးများသောကြောင့် ဒေသတွင်းဈေးကွက်နှင့် ပြည်တွင်းဈေးကွက်များတွင် ဆက်လက်ရေပန်းစားနေမည်ဖြစ်သည်။

မွန်ပြည်နယ်ဦးစီးမှူးရုံး

 

Category: Local News